ဘာကြောင့် မျက်ရိုးတွေ ကိုက်နေတာလဲ
ဖုန်း၊ ကွန်ပျူတာနဲ့ တစ်နေကုန် အလုပ်လုပ်ရတဲ့ သူတွေမှာ ပုံမှန်ထက် မျက်ရိုးကိုက်တာတွေ ဖြစ်တတ်တာ သဘာဝပါပဲ။ မျက်ရိုးကိုက်တာကြောင့် မျက်လုံး ခြောက်သွေ့လာပြီး မျက်စိတွေ ယားယံလာတာ၊ အမြင်အာရုံတွေ ဝေဝါးလာတာ၊ မျက်လုံးတွေ နီရဲပြီး မျက်ရည်ပူတွေ ကျလာတာ စတဲ့ မျက်လုံး ပြဿနာတွေလဲ ပါဝင်ပါတယ်။
ဘာကြောင့် မျက်ရိုးကိုက်ခြင်း ဖြစ်ရတာလဲ?
- တစ်ခုခုကို အချိန်ကြာကြာ အာရုံစူးစိုက်ရတဲ့အခါမှာ မျက်စိညောင်းညာပြီး အလုပ်ပိုလုပ်ရသလို ဇတ်ကြောတက်တာ၊ အာရုံကြောကို ထိခိုက်စေတာကြောင့် မျက်ရိုးကိုက်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
- ရောဂါပိုးတစ်ခုခုကြောင့် တစ်ခုခုနဲ့ ဓါတ်မတည့်တာကြောင့်၊ ပင်ပန်းနွမ်းနယ်တာကြောင့် မျက်ခွံလေးတွေ ရောင်ရမ်းလာတဲ့အခါမှာလဲ မျက်ရိုးကိုက်တတ်ပါတယ်။
- တခါတရံ မျက်လုံးရဲ့ အရှေ့မှာရှိနေတဲ့ အကာအကွယ် အလွှာလေးမှာ ထိခိုက်မိတဲ့အခါမှာလဲ မျက်စိကို ထိခိုက်နိုင်တာကြောင့် ပုံမှန်ထက် အာရုံကြောလေးတွေ ပိုပျက်စီးလွယ်ပြီး မျက်ရိုးကိုက်တာ ဖြစ်နိုင်ပါတယ်။
- မျက်လုံးထဲကို ရောဂါပိုးမွှားတွေ ဝင်တဲ့အခါ ၊ မသန့်ရှင်းတဲ့ သဲ၊ ဖုန် အညစ်အကြေးတွေ ဝင်လာတဲ့အခါမှာလဲ မျက်ရိုးကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ Uveitis လို့ခေါ်တဲ့ မျက်လုံးအတွင်းပိုင်းမှာ ရောဂါပိုးဝင်တာ၊ ထိခိုက်မိတာကလဲ မျက်ရိုးကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။
- မျက်ကပ်မှန်တွေကို အချိန်အကြာကြီး အသုံးပြုတဲ့အခါမှာလဲ မျက်လုံးညောင်းညာပြီး မျက်ရိုးကိုက်တာဖြစ်နိုင်သလို မျက်ကပ်မှန်တွေကို ဂရုတစိုက်နဲ့ သန့်သန့်ရှင်းရှင်း မသုံးတဲ့အခါမှာလဲ မျက်စိဝေဒနာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
- မျက်လုံးရေတိမ် ရောဂါရှိတဲ့ သူတွေမှာလဲ မျက်လုံးတွင်း ဖိအားများတာကြောင့် မျက်လုံးတွေ နာကျင်ပြီး မျက်ရိုးကိုက်တတ်ပါတယ်။
မျက်ရိုးကိုက်တာ သက်သာဖို့အတွက် ဘာတွေ လုပ်ပေးရမလဲ?
- အိပ်ရေးဝဝ အိပ်ပါ
- မျက်လုံးနဲ့ အချိန်အကြာကြီး အာရုံစိုက် လုပ်ရတဲ့ အလုပ်တွေမှာ မျက်လုံးကို အနားပေးပြီး လုပ်ဆောင်ပေးပါ
- အလုပ်လုပ်တဲ့ အချိန်နဲ့ နားတဲ့အချိန်ကို မျှတပါစေ
- မျက်လုံးကို အားဖြည့်ပေးနိုင်တဲ့ မုန်လာဥနီနဲ့ အစိမ်းရောင်အသီးအနှံတွေကို များများ စားပေးပါ
ဘဝရဲ့ ရှင်သန်နေထိုင်မှုတွေမှာ မျက်လုံးက အရေးပါ အရာရောက်သလို တစ်ကိုယ်ရေ တစ်ကာယ လှုပ်ရှားမှုတွေကို စွမ်းဆောင်နိုင်ဖို့ ဆိုရင် အမြင်အာရုံ မျက်လုံးတွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ မျက်ရိုးကိုက်တာက ပုံမှန်အားဖြင့် အနားပေးလိုက်တဲ့အခါ သက်သာသွားတာလဲ ရှိပေမယ့် မကြာခဏ ဆိုသလို မျက်ရိုးကိုက်မယ်၊ မခံနိုင်အောင် ဖြစ်ရတယ် ဆိုရင်တော့ မပေါ့ဆသင့်ဘဲ ကုသမှု ခံယူဖို့ လိုအပ်ကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)